06 December, 2012

ပြင်ဦးလွင်မြို့နယ်၌ ထီလက်မှတ်ဈေးနှုန်း(၃)ဆခန့်ဈေးမြင့်နေ ...


ပြင်ဦးလွင်မြို့နယ်တွင် ထီလက်မှတ်ဈေးနှုန်းအား (၃)ဆခန့် ဈေးတင်ကာ အိမ်တိုင်ရာရောက် လိုက်လံရောင်းချသည့် ၀န်ဆောင်မှုများပြုလုပ်
လာကြောင်း သိရသည်။
အစိုးရထီ ပေါက်ဈေးမှာ တစ်စောင်လျှင် (၂၀၀) ကျပ်ဖြစ်သော်လည်း
ကျေးရွာများသို့ လိုက်လံ ရောင်းချရာ၌ ရွှေမြန်မာထီဆိုင်တွင် တစ်စောင်လျှင် ကျပ်(၇၀၀)နှုန်းဖြင့် ရောင်းချနေပြီး၊ ရတနာသိန်းထိုက်အောင်ထီဆိုင်တွင် တစ်စောင်လျှင် (၄၀၀) ကျပ်ဖြင့် လိုက်လံရောင်းချလျှက်ရှိခြင်းဖြစ်သည်။
ထီလက်မှတ် ဈေးမြင့်တက်ရောင်းချနေသော်လည်း ဒေသခံများမှာ အလုအယက်ဝယ်ယူနေကြောင်းကိုလည်း သိရသည်။
“ကျွန်မတို့လည်း မသိဘူးလေ သူတို့က သုံးလုံးတူရင် ငါးသိန်းရမယ်။ ငါးလုံးတူရင်သိန်းနှစ်ဆယ်ရမယ်ပြောတာကို။ အဲ့ဒါနဲ့ စိတ်ပါပြီးဝယ်ဖြစ်
သွားတာ”ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်မာယားက ပြောသည်။
မြို့တွင်း ထီဆိုင်များ၌မူ ထီလက်မှတ်တစ်စောင်လျှင် (၃၀၀) ကျပ်သာ ကျသင့်ပြီး၊ သုံးလုံးတူလျှင်လည်း ဆုငွေကျပ်ငါးသိန်း ရရှိမည်ဖြစ်သည်။ ထိုဆုငွေသည် အစိုးရမှ ချပေးထားသော ဆုငွေဖြစ်သည်။
“အကိုတို့က နှစ်ဖွဲ့ရှိတယ်။ ရှမ်းပြည်နယ်တစ်ခုလုံး လိုက်ရောင်းရတာပေါ့။ အစိုးရကတော့ နှစ်ရာနဲ့ချ ပေးတာပါ။ အကိုတို့ကတော့ ပင်ရင်းက
ရောင်းခိုင်းတဲ့အတိုင်းရောင်းရတာ။ လျှော့ရောင်းရင် အကိုတို့ လစာထဲကဖြတ်ခံရမှာ” ဟု ရွှေမြန်မာထီဆိုင်မှ အိမ်တိုင်ရာရောက်
လိုက်လံရောင်းချပေးနေသော ထီကားမှ မန်နေဂျာ စိန်မြ၀င်းကပြောသည်။
ထိုကဲ့သို့ အိမ်တိုင်ရရောက် လိုက်လံရောင်းချမှုများတွင် ထီထိုးသူများမှ အနည်းဆုံး ငါးစောင်တွဲ (၃၅၀၀ကျပ်)နှင့် အများဆုံး အစောင်ငါးဆယ်ပါ ထီတစ်အုပ် (၃၅၀၀၀ကျပ်)အထိ ၀ယ်ယူမှုများ ရှိကြောင်း တွေ့ရသည်။
ဒေသခံများအနေဖြင့် (၃၅၀၀) ကျပ်ပေး၍ အိမ်တိုင်ရာ လာရောက်
ရောင်းချသော ထီငါးစောင်အား ၀ယ်လျှင် ပင်ရင်းထီဆိုင်၌၀ယ်သောသူမှာ (၃၀၀၀) ကျပ်ပေး၍ထီလတ်မှတ် (၁၀)စောင်ရရှိမည် ဖြစ်သည်။
ယခင်အချိန်များက အိမ်တိုင်ရာရောက် လာရောက်ရောင်းချမှုများတွင် ထီလတ်မှတ်အတုများအားကျေးရွာများ၌ လိမ်၍ရောင်း သွားသော
ဖြစ်ရပ်များလည်းရှိခဲ့ဖူးသည်ဟုလည်း သိရသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

Post a Comment