26 December, 2012

ခရစ္စမတ်နေ့မှာ ကံကောင်းခဲ့တဲ့ သြစတေးလျှသား ၂ ဦး ...


                           (မှတ်ချက်။ ။ ဓာတ်ပုံက သူတို့နှစ်ဦး မြန်မာပြည်ကိုမထွက်လာခင် သြစတေးလျှ Adelaide လေဆိပ်မှာ ရိုက်ထားပုံ ဖြစ်ပါတယ်။)
 ခရစ္စမတ်နေ့ အဲယားပုဂံလေယာဉ်ပျက်ကျမှုမှာ ကံကောင်းစွာနဲ့ အသက်ရှင်ကျန်ရစ်သူတွေထဲက Anna Bartsch နဲ့ Stuart Benson
တို့နှစ်ဦးဟာ သြစတေးလျှနိုင်ငံ က ဖြစ်ပါတယ်။ အဲဒီနေ့က အဲယားပုဂံ ဖော်ကာလေယာဉ် Fokker-F 100 ဟာ မန္တလေး မှ ဟဲဟိုး ကိုအသွား ဟဲဟိုးလေဆိပ်ရောက်ခါနီးမှာ ပျက်ကျသွားခဲ့ပြီး ခရီးသည် ၂ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
“ကျမကတော့ ဒါနောက်ဆုံးပဲ သေမှာသေချာပြီလို့ စိတ်ထဲမှာတွက်ထားတယ်။“ လို့ ရန်ကုန် ကန်တော်ကြီးပဲလေ့စ်ဟော်တယ် မှာ The Advertiser သတင်းဌာနနဲ့ အင်တာဗျူးမှာ Anna က ပြောခဲ့ပါတယ်။ “ကျမတို့ လေယာဉ်ပြူတင်းပေါက်ကနေ ရှုခင်းတွေကို သဘောကျစွာနဲ့ ကြည့်နေရင်း ကြိုတင်သတိပေးချက် ဘာမှမကြားလိုက်ပဲ ချက်ခြင်းဆိုသလို တခုခုတိုက်မိတဲ့ ကျယ်လောင်တဲ့အသံကို ကြားရတော့တယ်။ မြေကြီးကိုထိတာနဲ့မီးလောင်နေတာကိုကျမရဲ့ဘေးပြူတင်းပေါက်ကနေ တွေ့ရတော့ တော်တော်ကြောက်သွားတယ်။ လေယာဉ်အရှေ့ကနေ မီးခိုးတွေထွက်နေတာလည်း တွေ့ရတယ်။ ကျမကတော့ လေယာဉ်ပေါက်ကွဲတော့မယ်လို့ သေပြီလို့ တွေးထားခဲ့တယ်။ ကျမတို့ တကယ့်ကို ကံကောင်းခဲ့တာပါ။“ လို့ Anna က ဆက်ပြောသွားပါတယ်။
သြစတေးလျှ နိုင်ငံခြားရေးဌာနက လေယာဉ်မှာပါတဲ့ သြစတေးလျှနိုင်ငံသား ၅ ယောက်ကို ကူညီမှုတွေပေးနေပြီး Stuart Benson က ခါးနောက်ကြော အနည်းငယ်ထိခိုက်သွားပြီး ကျန်လေးယောက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ Anna နဲ့ Stuart တို့ ရက်အနည်းငယ်မှာ သြစတေးလျှကို ပြန်မယ်လို့ပြောပါတယ်။
“ကျမကို ဖုန်းဆက်လာတာနဲ့ တခုခုအရေးကြီးပြီဆိုတာ သိတယ်။ ဒါပေမဲ့ Anna က သူဘာမှမဖြစ်ဘူး အိုကေတယ် အိုကေတယ် လို့ အရင်ပြောပြီး လေယာဉ်ပျက်ကျတဲ့သတင်းကို ရှင်းပြတယ်“ ဟု Anna ရဲ့မိခင် Chris Bartsch က ပြောပြပြီး ခရစ္စမတ်နေ့ညစာကို အေးဆေးပျော်ရွှင်စွာနဲ့ စားသုံးခဲ့ရတယ်လို့ ဆိုပါတယ်။
(Ref; Adelaide Now news 12/26/12 - Christmas miracle for Burma crash survivors Anna Bartsch and Stuart Benson)

No comments:

Post a Comment