နိုင်ငံခြားငွေ လဲလှယ်နိုင်သည့် ပမာဏကို ဗဟိုဘဏ်က
ကန့်သတ်မထားသော်လည်း ပြင်ပဒေါ်လာ ဈေးနှုန်းထက် ဘဏ်ငွေလဲနှုန်းက ဈေးပိုများနေသဖြင့်
ဘဏ်များက မိမိအစီအစဉ်ဖြင့် ငွေလဲကောင်တာများတွင် ငွေလဲနိုင်သည့် ပမာဏကို
ကန့်သတ်လိုက်ကြောင်း ဘဏ်များမှ တာဝန်ရှိသူများက ပြောသည်။ “အပြင်ဈေးနဲ့က ကွာနေတော့
နေ့တိုင်း လာရောင်းတဲ့သူတွေလည်း ရှိနေတော့ ကန့်သတ်လိုက်တဲ့ သဘောပဲ။ ဗဟိုဘဏ်က
သတ်မှတ်တာတော့ မဟုတ်ဘူး။ စီးပွားရေး လုပ်တာဆိုတော့ အရှုံးမများအောင်
ထိန်းပြီးလုပ်တဲ့ သဘောပဲ” ဟု CB ဘဏ်မှ ငွေလဲနှုန်းဌာနမှ တာဝန်ခံတစ်ဦးက ပြောသည်။ CB
ဘဏ်အနေဖြင့် လူတစ်ယောက် လာရောင်းပါက တစ်ကြိမ်လျှင် ဒေါ်လာ ၁၀၀ သာ ဝယ်ယူရန်
ကန့်သတ်ထားသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ငွေပြန်ရောင်းလို သူများမှာ
ရာတန်နှစ်ရွက်၊ သုံးရွက် ရောင်းချရန်ပင် အကြိမ်ကြိမ် သွားရမည့် သဘော ဖြစ်နေ၍
အဆင်မပြေဖြစ်နေရကြောင်း ငွေပြန်ရောင်းသူများက ပြောသည်။ ပြင်ပဈေးကွက်က ဝယ်ယူလာသော
ငွေများကို ဘဏ်များတွင် စီးပွားဖြစ် ပြန်လည်ရောင်းချသူများ ရှိနေသောကြောင့်
အရှုံးနည်းအောင် ကန့်သတ်ထားခြင်း ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ
အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။ ယခုရက်ပိုင်းအတွင်း နိုင်ငံခြားငွေ
လဲလှယ်နှုန်းများသည် ပြင်ပဈေးကွက်တွင် ဆက်တိုက် ကျဆင်းနေပြီး ဗဟိုဘဏ်
သတ်မှတ်ချက်မှာ ပြောင်းလဲခြင်း မရှိသောကြောင့် ပြင်ပငွေဈေးနှင့် ဘဏ်များတွင်
ရောင်းချသောဈေးမှာ တစ်ဒေါ်လာလျှင်ပေါ်တွင် ရှစ်ကျပ်မှ တစ်ဆယ်ကျပ်အထိ ကွာခြားချက်များ
ဖြစ်ပေါ်နေသည်။ “ဘဏ်တွေက ဝယ်ထားတဲ့ဟာကို ဗဟိုဘဏ်က ပြန်ဝယ်ပေးရမယ်။ ဒါမှမဟုတ်
ငွေဈေးကို အပြင်ဈေးနဲ့ လိုက်ညှိပေးတာမျိုးဖြစ်ဖြစ် လုပ်ရမယ်။ ဒါဆိုရင်တော့
ဈေးကွက်က ရောင်းချင်သလောက် ရောင်းလို့ရမယ်၊ ဒါမျိုးမဟုတ်ဘူး” ဟု ဦးရဲမင်းဦးက
ပြောသည်။ ဗဟိုဘဏ်က နေ့စဉ် ငွေလဲနှုန်း သတ်မှတ်ရာတွင် ဘဏ်များက ရောင်းလို၊ ဝယ်လိုသော
ဈေးကိုသာ ပြော၍ ရသော်လည်း မည်သည့်ဈေး သတ်မှတ်ပေးပါဟု တောင်းဆို၍ မရကြောင်း
၎င်းကဆိုသည်။ ငွေလဲကောင်တာများတွင် ငွေအရောင်းအဝယ် ပြုလုပ်ပါက ဒေါ်လာ တစ်သောင်းအထိ
မှတ်ပုံတင်ပြရန် လိုအပ်ပြီး နိုင်ငံခြားသားများ ဆိုပါက ပတ်စ်ပို့ပြရသည်။
ဒေါ်လာတစ်သောင်း ကျော်ပါက ဝင်ငွေရလမ်း ဖော်ပြရမည် ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍
ဗဟိုဘဏ်ကို မေးမြန်းရာတွင် “ဘဏ်တွေက အမှန်တကယ် ဒေါ်လာဝင်ငွေရှိတဲ့ သူတွေကိုလည်း
မဝယ်တာတွေလည်း ရှိတယ်လို့ သိရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်ကိုလည်း စာတင်ဖို့
အခုလုပ်နေပါတယ်” ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ်
အောက်တိုဘာလ ၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment