24 September, 2012

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ရန်ကုန်တာဝန်ခံ(၄)ဦးမှာ ရဲစခန်း(၁၀)ခုတွင် ခံဝန်ထိုးထားရ ..



အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် တာဝန်ခံ(၄)ဦးနှင့် ပူးပေါင်းပါဝင်သူများမှာ စက်တင်ဘာလ(၂၃)ရက်နေ့က သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင်  ခံဝန်ချက်ရေးထိုးခဲ့ရကြောင်း သိရှိရသည်။

စက်တင်ဘာ(၂၁)ရက်နေ့က ရန်ကုန်မြို့တွင်း၌ ကချင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ပြည်သူများ လှည့်လည်ဆန္ဒထုတ်ဖော်ရာတွင် တာဝန်ခံဆောင်ရွက်ခဲ့ကြသူ ကိုမိုးသွေး၊ ကိုဘိုဘို၊ မဖွေးယုမွန်၊ မခင်စန္ဒာညွှန့်စသည့်(၄)ဦးနှင့် ပူးပေါင်းပါဝင်သူ(၅)ဦးအား စက်တင်ဘာလ(၂၂)ရက်နေ့က သက်ဆိုင်ရာ ရဲစခန်းများမှ ဆင့်ခေါ်စာများ ပေးပို့ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သူတို့ကရန်ကုန်မှာ အဓိက တာဝန်ခံတာ။ ကျွန်မတို့ (၅)ယောက်ဖြစ်တဲ့ ကျွန်မရယ်၊ ကိုဝေဋ္ဌု၊ ကိုဂျော်ဂွမ်း၊ အန်ကယ်ဦးဝင်းချို၊ ကိုနေမျိုးဇင်တို့က နေပြည်တော်မှာ သွားလုပ်ဖို့ တာဝန်ခံထားတာပါ။ ခုကျွန်မတို့ ခံဝင်ထိုးထားပြီးပါပြီ။’’ဟုကချင်ငြိမ်းချမ်းရေးကွန်ယက်မှမဖြူဖြူခေါန်ထွယ်ကပြောသည်။

တောင်ကြီးမြို့တွင်လည်း သက်ဆိုင်ရာများမှ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ငြိမ်းချမ်းရေး အခမ်းအနားကျင်းပသူ  ကိုနေမျိုး၊ ကိုဘိုဘိုဟန်၊ ကိုအောင်သူ တို့ကို အမှုဖွင့်ထားသည့်အတွက် အာမခံပြု လုပ်ထားကြောင်းကိုလည်း သိရသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒထုတ်ဖော် တာဝန်ခံထားသူများကို မြို့နယ်(၁၀) မြို့နယ်ရှိ ရဲစခန်းများမှ ဆင့်ခေါ်စာများ ပေးပို့ကာ ခံဝန်များထိုးခဲ့ခြင်းဖြစ်သည်။

ကျန်တဲ့သူတွေတော့မသိဘူး၊ ကျွန်မနဲ့ ကိုဂျော်ဂွမ်းကိုတော့ အခုလက်ရှိ စမ်းချောင်း၊ ဒဂုံ၊ ဗိုလ်တ ထောင်၊ တာမွေ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်ရယ်ကဆင့်ခေါ်စာပို့ပြီး ခံဝန်တော့ထိုးထားတယ်။ ကျောက်တံတားကလည်း ခေါ်စာရောက်မယ်လို့ခန့်မှန်းတယ်။ ဘာလို့လဲဆိုတော့ လမ်းကြောင်း တစ်လျှောက်က ခေါ်နေတာလေ။’’ ဟု မဖြူဖြူခေါန်ထွယ်က ဆက်ပြောသည်။

နေပြည်တော်တွင်သွားရောက်ရန် လျောက်ထားရာတွင် ပါဝင်သည့် ဦးဝင်းချိုကို စခန်း (၅)ခုမှ ဆင့်ခေါ်စာပို့ထားပြီး ကိုဝေဋ္ဌုကိုလည်း စခန်း (၄)ခုမှ ဆင့်ခေါ်စာပို့ထားသည့်အတွက် ၄င်းတို့ နှစ်ဦးစလုံးအား ဗိုလ်တစ်ထောင်ရဲစခန်းမှ ဗိုလ်တစ်ထောင် အိုးအိမ်ရှေ့တွင် ဆန္ဒပြမှုနှင့်ပတ်သက်၍ ဆင့်ခေါ်စာ တစ်စောင်ထပ်မံ ပို့ဆောင်ကာ ခံဝန်ထိုးခဲ့ရကြောင်းကိုလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းနေ့တွင် ရန်ကုန်မြို့တွင် ဆူးလေ ဘုရားရှေ့မှ အင်လျားကန်ဘောင်အထိ လမ်းလျှောက်စီတန်းလှည့်လည် ကြပြီး ပြည်တွင်းစစ်များ အမြန်ဆုံးပြီးဆုံးစေရေး နိုင်ငံငြိမ်းချမ်းရေး အတွက် လှည့်လည်ဆုတောင်းကာ အင်လျားကန်ဘောင်တွင် ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူခဲ့သော်လည်း နောက်နေ့တွင် ထိုကျောက်တိုင်မှာ ပျောက်ဆုံးသွားကြောင်း သိရသည်။


Shwe Myitmakha

No comments:

Post a Comment