06 October, 2012

ကမ္ဘောဇဘဏ် (လုံးဝ) မပျက်နိုင်ပါ ..

မော်ကွန်းသစ် ၏ စာကြွင်း -
ဒီပိုစ်ကို တင်ဖို့ အတော်စဉ်းစား ရပါတယ် ။
ကျွန်တော် ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ) နှင့် ကမ္ဘာဖလားဘောလုံးပွဲတွင်  ရင်းနှီးဖူးပါတယ် ..။ယ္ခု မတွေ့တာ အတော်ကြာပြီ မို့
သူ၏ ပို့စ် အား တင်သင့် မတင် သင့်စဉ်းစား ခွင့်တောင်း ဖို့ ခက်ခဲနေရပါသည် ။
၎င်းပို့စ် အား မော်ကွန်းသစ် စာဖတ်သူများ သိရှိနိုင်ရင် အလို့ငှာ တင်ပြ လိုက်ခြင်းဖြစ်ပါသည် ။


.
(ကြာသပတေးနေ့) ညပိုင်းက “ဖေ့စ်ဘုတ်” ပေါ်မှာ ကမ္ဘောဇဘဏ် နဲ့ ပတ်သက်တဲ့ ကောလာဟလလေး တစ်ခု တွေ့လိုက်ပါတယ်။ ဘာမှန်းတော့ ရေရေရာရာ မသိပါ။ “ဖေ့စ်ဘုတ်” ပေါ်က သတင်းတွေကလည်း ယုံကြည်စိတ်ချရမှုက နည်းလေတော့ ဒီလိုဘဲ နေလိုက်ပါတယ်။ သိပ် စိတ်ဝင်စားမှု မရှိလှပါ။
ဒါပေမယ့် မနေ့က (သောကြာနေ့) မှာတော့ သတင်းက လှုပ်လှုပ်ခတ်ခတ် ပိုဖြစ်လာပါတယ်။ ဘဏ်ဥက္ကဌ ဘာဖြစ်တယ် ညာဖြစ်တယ် ၊ ဘဏ် ဒေ၀ါလီ ခံရတော့မယ် . . . စသည်ဖြင့် ကြားလာရပါတယ်။ ကမ္ဘောဇဘဏ်ခွဲတွေမှာလည်း ငွေထုတ်သူတွေ ကြိတ်ကြိတ်တိုးနေတယ် ဆိုတဲ့ သတင်းကို ကြားရပါတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း “သောကြာနေ့” ဆိုတာ အမြဲဘဲ Busy Day ဖြစ်လေတော့ ကိုယ့်အလုပ်နဲ့ကိုယ်မို့  ဒီသတင်းကိုလည်း သိပ်အာရုံ မပြုနိုင်ပါ။ သိပ်လည်း မယုံလို့ပါ။
ဒါနဲ့ ညဖက် (၇)နာရီ RFA သတင်းမှာတော့ ဒီသတင်း ထပ်ပါလာပြန်ပါတယ်။ မနက်က ကြားရသလိုပါဘဲ။ ဘဏ်ဥက္ကဌ ဘာညာဖြစ်တယ်၊ ဘဏ် ဒေ၀ါလီ ခံရတော့မယ် စတဲ့ သတင်းတွေ ကောလဟာလဖြစ်နေကြောင်းပါ။ ဘဏ်တွေမှာလည်း အပ်ထားတဲ့ငွေတွေ ပြန်ထုတ်သူတွေ များနေတယ် . . စသည်ဖြင့်ပေါ့။
ဒီတော့ (၈)နာရီ သတင်းပြီးတာနဲ့ ချက်ခြင်းဘဲ ဒီကိစ္စဟာ ဖြစ်နိုင် မဖြစ်နိုင်ကို ချက်ခြင်း “ဟူးရားမဟာကာလကြီး” ဇာတာချပြီး တွက်ကြည့်လိုက်ပါတယ်။ ဇာတာခွင်ချလိုက်ပြီး ဇာတာကို “လဂ်” တပ်လိုက်တာနဲ့ ချက်ခြင်း အဖြေက ထွက်နေပါပြီ။ သိပ် ခက်ခက်ခဲခဲကြည့်ရတဲ့ အနေအထားမျိုး မဟုတ်ပါ။ အဖြေ ရှင်းလင်းစွာ ထွက်တဲ့ ဇာတာမျိုး ဖြစ်ပါတယ်။
“ကမ္ဘောဇဘဏ် လုံးဝ မပျက်နိုင်ပါ” အောင်မြင်စွာ ဆက်လက်ရပ်တည်သွားပါလိမ့်မယ်။ လက်ရှိဖြစ်နေတဲ့ သတင်းတွေဟာ ကောလာဟလ များသာဖြစ်ပါတယ်။ ဒီဘဏ်မှာ ငွေအပ်ထားသူများ စိတ်အေးလက်အေး နေနိုင်ပါတယ်။ ဘာမှ စိတ်ပူစရာ မရှိပါ။

ကျွန်တော့်အနေနဲ့ “ကမ္ဘာ့ဟောကိန်းတွေ ၊ မြန်မာ့ ဟောကိန်းတွေ” မထုတ်တာကြာပြီဖြစ်ပေမယ့် ဘာလို့ ဒီကိစ္စကို ကျွန်တော် စိတ်ဝင်တစားနဲ့ ချက်ခြင်းတွက်ချက်ပြီး ချက်ခြင်းကောက်တင်ရသလဲ ?  မေးစရာ ရှိနိုင်ပါတယ်။ အချက် (၂) ချက်ရှိပါတယ်။
(၁) အချက်က ဒီကိစ္စက ရှေ့ကို တိုးတက်ဖို့ အရှိန်ယူနေတဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ် တစ်ခုဖြစ်ပါတယ်။ ဘဏ်ဆိုတာက သိတဲ့အတိုင်း “မောင်က” အပ်တဲ့ငွေကို “မောင်ခ” ကို ပြန်ပြီး အတိုးနည်းနည်း နဲ့ ပြန်လည် ချေးငှားတဲ့ လုပ်ငန်းပါ။ “ငွေပိုသူ နဲ့ ငွေလိုသူ” ကို ဆက်သွယ်ပေးပြီး “ပွဲခ” ယူတဲ့ ယူတဲ့ လုပ်ငန်းမျိုးပါဘဲ။  ဒါပေမယ့် “ပွဲစား” တွေလိုတော့ “ငါ့လက်ကလွတ် ၊ ဗြွတ်” ဆိုပြီး လုပ်လို့ မရပါဘူး။ ဒီအတွက် ဘဏ်လုပ်ငန်းရှင်က ငွေအပ်သူတွေကို အာမခံချက်ပေးရပါတယ်။ လုံးဝ တာဝန်ယူရပါတယ်။
အကြောင်းတစ်ခုခုကြောင့် ကိုယ့်ငွေကို ပြန်လိုချင်တဲ့ အခါက ဘဏ်က ချက်ခြင်းပြန်ပေးနိုင်အောင် အာမခံချက်ပေးရပါတယ်။ ကိုယ့်ငွေကို ပြန်ထုတ်တာ “ပုံမှန်အတိုင်း” ဆိုရင်တော့ ပြဿနာ မရှိဘူးပေါ့ဗျာ။ ဘဏ်မှာ လက်ကျန် အရံငွေ နည်းနည်းတော့ ရှိကြတာမို့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် အခုလို “ကောလာဟလ” တစ်ခုကြောင့် လူတွေ “အုံနဲ့ကျင်းနဲ့” ငွေပြန်ထုတ်ကြပြီ ဆိုရင်တော့ ဘဏ်မှာ ပြန်ပေးဖို့ ပိုက်ဆံမရှိပါဘူး။ “မောင်က” အသီးသီးရဲ့ ပိုက်ဆံတွေက “မောင်ခ” အသီးသီးဆီမှာ ရောက်နေပြီလေ။ မောင်ခဆီကလည်း ချက်ခြင်းပြန်တောင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီလို ကိစ္စတွေအတွက် အစိုးရရဲ့ “ဗဟိုဘဏ်” က ၀င်ပြီး “ကျားကန်” ပေးရပါတယ်။ ပြန်ထုတ်သမျှ ငွေတွေကို အလျှင်မီအောင် ပေးနိုင်ဖို့ “ဗဟိုဘဏ်” က ၀င်ပြီး ငွေတွေကို ပံ့ပိုးပေးရပါတယ်။ ဒီလိုမှ မပံ့ပိုးရင် ပုဂ္ဂလိကဘဏ်က ပျက်သွားပါမယ်။
ဘဏ်တစ်ခုပျက်ရင် လူတွေ စိတ်ပူပြီး ကျန်တဲ့ ဘဏ်တွေမှာလည်း အလားတူ အုံနဲ့ကျင်းနဲ့ ငွေထုတ်ယူမှုတွေ ဖြစ်တတ်တာကြောင့် နောက်ဆုံးမှ ဗဟိုဘဏ်ကလည်း မပံ့ပိုးနိုင်တော့ဘဲ နိုင်ငံရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး စနစ်ကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့တာတွေ “ကမ္ဘာ့သမိုင်း” မှာ မကြာခဏ ဖြစ်ခဲ့ဘူးပါတယ်။ (ဘယ်နိုင်ငံတွေနဲ့ ဘယ်နှစ်တွေမှာ ဖြစ်ခဲ့တယ်ဆိုတာတော့ ကိုယ့်ဟာကိုယ် ရှာဖတ်ကြတော့ဗျာ)
ဒီလိုဖြစ်ရတာဟာ လူတွေ စိတ်မပူသင့်တာကို အရမ်း ပူပင်ကြောင့်ကြ လွန်ကဲမှုကြောင့် ဖြစ်ရတာက ပိုများပါတယ်။ ပုဂ္ဂလိက ဘဏ်တစ်ခုက အကြောင်းတစ်ခုခုကြောင့် “ဒေ၀ါလီ” ခံရရင်တောင်မှာ ငွေအပ်သူတွေရဲ့ ငွေတွေကို အစိုးရက ပြန်ပြီး ဆပ်ပေးရမယ့် တာဝန်ဟာ (ဒီမိုကရေစီနိုင်ငံတွေမှာ) အသေအချာ ရှိပါတယ်။ ဒီတော့ ဒီလို အကြောက်တရား ပိုမှုဟာ ပိုမိုကြီးထွားလာလို့ ကျန်တဲ့ဘဏ်တွေကိုပါ ကူးစက်ပြန့်နှံ့သွားပြီး ဘဏ်လုပ်ငန်း ကသောင်းကနင်းဖြစ်ရင် ဆက်စပ်နေတဲ့ လုပ်ငန်းအားလုံးပါ ထိခိုက်ပြီး စီးပွားပျက်ကပ် အသွင် ဖြစ်သွားနိုင်လို့ ဒီကိစ္စဟာ အရေးကြီးပါတယ်။ ဒါကြောင့် လူတွေ အကြောက်တရား မပိုအောင် ဒီပို့စ်လေးကို တင်ပေးမယ် ဆုံးဖြတ်ပြီးတင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။
နံပါတ် (၂) အချက်ကတော့ ကျွန်တော်ကိုယ်တိုင်လည်း “ကမ္ဘောဇဘဏ်” မှာ ငွေအပ်ထားပါတယ်။ ဒါကြောင့်  ဒီကိစ္စဟာ ကိုယ်နဲ့လည်း ပတ်သတ်နေတဲ့ ကိစ္စဖြစ်လို့ တွက်ချက်ကြည့်ပြီး လုံးဝ စိတ်ပူစရာ မရှိလို့ ကိုယ်လို ငွေအပ်ထားသူများ စိတ်မပူစေရန် ဒီဆောင်းပါးကို တင်ပေးရခြင်းဖြစ်ပါတယ်။
အောက်မှာ တွက်ချက်ထားတဲ့ “ဟူးရား မဟာကာကြီးဇာတာ” ကို တင်ပေးထားပါတယ်။ နဲနဲ သုံးသပ်တင်ပြပေးပါမယ်။
“ဟူးရား မဟာကာလကြီးဇာတာခွင်”
ဇာတာဖွဲ့ချိန် = ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက် နေ့ ၊ ည (၈) နာရီ (၀၂) မိနစ် (ရန်ကုန်မြို့)


.
ဇာတာကတော့ “မိဿလဂ်” ဖြစ်ပါတယ်။ “လဂ်” နဲ့ “လဂ်အိမ်ရှင်” တို့ဟာ ဘဏ်လုပ်ငန်းပိုင်ရှင် ၊ သူပိုင်တဲ့ ဘဏ် နဲ့ အခုဖြစ်နေတဲ့ အဖြစ်အပျက်ကြီးတစ်ခုလုံးကို ကိုယ်စားပြုပါတယ်။
လဂ်အိမ်ရှင် အင်္ဂါဟာ (၄)တန့်မှာ “နိစ်” မိနေပါတယ်။ (“နိစ်” ဖြစ်တယ်ဆိုတာ “နိမ့်ဆင်းခြင်း” လို့ အဓိပ္ပါယ် ရပြီး “ဥုစ်” ဖြစ်တယ်ဆိုတာ “မြင့်တက်ခြင်း” လို့ အဓိပ္ပါယ် ရပါတယ်)။ ဒါက အခုဖြစ်နေတဲ့ အကြပ်အတည်းကို ဖေါ်ပြနေတာဘဲ ဖြစ်ပါတယ်။ လဂ်အိမ်ရှင် နိစ်ဖြစ်နေလို့ ရုတ်တရက် ပြဿနာ ကြုံရတာဖြစ်ပါတယ်။ လဂ်အိမ်ရှင်သာမက လဂ်ရပ်တည်ရာ ရာသီရဲ့ “ဥုစ်” ဂြိုဟ်ဖြစ်တဲ့ “ကြာသပတေး” ဂြိုဟ်ကြီးကလည်း “နိစ်” ဖြစ်နေပြန်ပါတယ်။ ကြာသပတေးဂြိုဟ်ကြီးကတော့ ဘဏ်လုပ်ငန်းကို ကိုယ်စားပြုပါတယ်။ ဒီလို လဂ်အိမ်ရှင် “နိစ်” မိပြီး နိစ်ဂြိုဟ်ရပ်တည်ရာ ရာသီရဲ့ ဥုစ်ဂြိုဟ်ပါ “နိစ်” မိတဲ့ ကိစ္စမျိုးကို မကြာခဏ တွေ့ဘူးပါတယ်။ အလွန်ဆိုးဝါးတဲ့ အနေအထားဖြစ်ပါတယ်။ ဒီကိစ္စမှာ ကယ်တင်ရှင်ကတော့ “နိစ္စဘင်္ဂယောဂ” ယုဂ် ရ,မရ ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဇာတာခွင်မှာ “နိစ္စဘင်္ဂယုဂ်” ရမရ ကြည့်ရပါတော့မယ်။
ကယ်တင်ရှင်ကတော့ “တနင်္လာ” ဂြိုဟ်ကြီးဘဲ ဖြစ်ပါတယ် “နိစ်” အပြန်အလှန်ဖြစ်နေကြတဲ့ ဂြိုဟ်ကြီး (၂)လုံးဟာ တနင်္လာဂြိုဟ်နဲ့ “ကိန်း” အနေအထားရှိနေတဲ့အတွက် “နိစ္စဘင်္ဂယုဂ်” အပြည့်အ၀ ရရှိပါတယ်။ နောက်ပြီး သာမန် နိစ္စဘင်္ဂ ယုဂ် သာမဟုတ်ဘဲ “နိစ္စဘင်္ဂ – နှစ်ထပ်ကွမ်းယုဂ်” လည်း ဖြစ်ပါတယ်။ (အချို့သော ပညာရှင်ကြီးများ၏ အယူအဆအရ ယခုကဲသို့ အင်္ဂါ နှင့် ကြာသပတေး အပြန်အလှန် “နိစ်” မိနေသော အနေအထားတွင် စန်းမှ “ကိန်း” မကျလျှင်လည်း နိစ်ဂြိုဟ်ခြင်း အပြန်အလှန်မြင်ရုံဖြင့်ပင် “နိစ္စဘင်္ဂယုဂ်” ရသည်ဟု ယူဆကြသည်)
ဒါကြောင့် ဒီဂြိုဟ် (၂)လုံးရဲ့ နိစ် ဖြစ်မှုအနေအထားဟာ ပျက်ပြယ်သွားပြီး “ဥုစ်” ထက် အဆပေါင်းများစွာ အင်အားရှိတဲ့ “နိစ္စဘင်္ဂ နှစ်ထပ်ကွမ်းယုဂ်” ရတဲ့ ဂြိုဟ်ကြီး (၂) လုံး ပြန်ဖြစ်သွားရပါတယ်။ ဒီ တနင်္လာဂြိုဟ်ဟာ မိမိအိမ်တွင်ရပ်တည်သော အင်္ဂါကို ပြန်မြင်ထားခြင်း၊ သောမဂြိုဟ်ကြီး နောက်တစ်လုံးဖြစ်တဲ့ “သောကြာ” ဂြိုဟ်ကြီးပါ ၀င်ပြီး ပူးပေါင်းပါဝင်နေခြင်း ၊ တနင်္လာ ကြာသပတေး သောကြာ ဂြိုဟ် အစုအဝေးကြီးဟာ (၁၀)တန့်ဆိုတဲ့ “ကောင်းကင်မွန်းတည့်မျဉ်း” အပေါ်မှာ ရပ်တည်နေကြခြင်းတို့ဟာလည်း အလွန်ကောင်းမွန် အင်အားရှိလှတဲ့ အနေအထားများ ဖြစ်ပါတယ်။
ဒါကြောင့် အခုဖြစ်နေတဲ့ ကိစ္စဟာ နိစ္စဘင်္ဂယုဂ် အပြည့်အ၀ရမှုကြောင့် ရုတ်တရက် နိမ့်ဆင်းသွားခြင်းမှသည် ချက်ခြင်း ပြန်လည် မြင့်တက်လာရမည်ဖြစ်ပြီး ဘဏ်၏ ရှေ့အနာဂါတ် လမ်းကြောင်းဟာ ပိုမိုမြင့်မားတိုးတက်တဲ့ အနေအထားသို့ ရောက်ရှိသွားရမှာ ဖြစ်ပါတယ်။
ဟူးရားဇာတာမှာ (၃)တန့်ဘာဝဟာ “သတင်းစကားများ၊ ဆက်သွယ်ရေးကိစ္စများ” ကို ကိုယ်စားပြုပါတယ်။ ဒီ(၃)တန့်ဘာဝမှာ “စနေဂြိုဟ်” ရပ်တည်နေတာကြောင့် ဒီအဖြစ်အပျက်ဟာ “ကောလာဟလ” တစ်ခုမျှသာဆိုတာ အထင်အရှား ပြနေပါတယ်
မှတ်သားစရာ ကောင်းတာက (၃) တန့်မှာ ရပ်တဲ့ဂြိုဟ်ဟာ အင်္ဂါဂြိုဟ် ဆိုရင်တော့ သူ့ဟာသူ ဖြစ်လာတဲ့ ကောလာဟလ လို့ ပြောလို့ ရပေမယ့် စနေဂြိုဟ်ဖြစ်နေတဲ့အတွက် ဒီကိစ္စဟာ “လုပ်ကြံတိုက်ခိုက်မှု” ပါဝင်ပါတယ်။ တစ်စုံတစ်ဦး (သို့) အဖွဲ့အစည်း တစ်ခုက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး လွှင့်ထုတ်တဲ့ ကောလာဟလ  လို့ ဆိုရပါမယ်။
ဒီတော့ ဒီ လုပ်ကြံဖန်တီးထားတဲ့ ကောလာဟလရဲ့ အင်အားကို ကြည့်မယ်ဆိုရင် သူ, ရပ်တည်ရာ အိမ်ရှင်ဂြိုဟ်ကို ကြည့်ရပါမယ်။ အိမ်ရှင်က ဗုဒ္ဓဟူးဂြိုဟ်ဖြစ်ပြီး (၈)တန့် “မရဏ” ဘာဝမှာ ရပ်တည်နေပါတယ်။ အဲဒီမှာတင် ကောလာဟလ ဟာ ကိစ္စပြတ်သွားပါပြီ။ ဒီ ကောလာဟလ လုပ်ကြံဖန်တီးမှုဟာ မရဏ ဘာဝမှာ ရပ်တည်လို့ သေဆုံးပျောက်ကွယ်သွားရမယ့် ကောလာဟလ နဲ့ လုပ်ကြံဖန်တီးမှုဘဲ ဖြစ်ရပါတော့မယ်။ ကောလာဟလ ဖန်တီးသူတွေ မအောင်မြင်ပါ။ ကမ္ဘောဇဘဏ် ကသာ ဒီကိစ္စအပြီးမှာ (နိစ္စဘင်္ဂ နှစ်ထပ်ကွမ်းယုဂ်) ကြောင့် ပိုမိုတိုးတက် အောင်မြင် သွားရမည်သာ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်ကတော့ ကိုယ့်တွက်ချက်မှုအပေါ် ကိုယ်ယုံကြည်တာမို့ ဒီကိစ္စကို (လုံးဝ) စိတ်မပူပင်ပါ။ မိမိအပ်နှံထားသည့် ငွေများကိုလည်း အလုပ်ရှုပ်ခံပြီး ပြန်ထုတ်မည် မဟုတ်ပါ။ ကျန်သူများလည်း စိတ်မပူပင်ကြစေရန် ရည်ရွယ်ပြီး ဆောင်းပါးကို တင်ပေးလိုက်ရပါသည်။ အခြေအမြစ်မရှိသော သတင်းများ၊ ကောလာဟလများအပေါ် မိမိတို့၏ အကြောင်းမဲ့ စိတ်ပူပင်မှုကြောင့် တိုင်းပြည်၏ ဘဏ္ဍာရေး စနစ်ကြီး ကသောင်းကနင်း ဖြစ်သွားနိုင်သည်ကို (နိုင်ငံသားကောင်း တစ်ယောက်ဟု ကိုယ့်ကိုယ်ကို ယုံကြည်လျှင်) အထူး သတိပြုပါ။
နိုင်ငံသားအားလုံး ပူပင်သောက ငြိမ်းအေးနိုင်ကြပါစေသတည်း။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

မှတ်ချက်။           ။ ဤဆောင်းပါး ရေးအပြီး တင်ခါနီးတွင်မှ ကိစ္စတစ်ခုကို စဉ်းစားမိသောကြောင့် ဖြည့်စွက် ပေးလိုက်ပါသည်။ မိမိသည် ကမ္ဘောဇဘဏ်၏ ပိုင်ရှင် နှင့် သော်၎င်း ၊ ဘဏ်၏ အရေးပါသူ တစ်ယောက်ယောက် နှင့်သော်၎င်း လုံးဝ သိကျွမ်းခြင်း အလျှဉ်းမရှိပါ။ ဘဏ်မှလည်း ငွေမချေးဘူးပါ။ ရှေ့၌လည်း ငွေချေးရန် အစီအစဉ် (လုံးဝ) မရှိပါ။ ထို့ကြောင့် ဘဏ်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန် အကြောင်းမရှိပါချေ။ မိမိ ဆန္ဒသဘောနှင့် မိမိ ဤဆောင်းပါးကို ရေးတင်ခြင်း ဖြစ်ပါသည်။ 
မိမိ၏ အဓိက ရည်ရွယ်ချက်မှာ ဘဏ်နှင့်ပတ်သက်ပြီး စိတ်ပူပင်သောက ရောက်နေသူများအတွက် စိတ်ပူပင်မှု မရှိကြစေရန် အတွက်၎င်း ၊ ဒီမိုကရေစီပန်းတိုင်သို့ ရောက်လုဆဲ စပ်ကူးမတ်ကူး ကာလတွင် ကျွန်ုပ်တို့ တိုင်းပြည်၏ စီးပွားရေး ကမောက်ကမ မဖြစ်စေလိုခြင်း များအတွက်၎င်း-  အဓိက ရည်ရွယ်စေတနာ ထားပြီး ရေးသားလိုက်ခြင်း ဖြစ်ပါသတည်း။

No comments:

Post a Comment